MFP Daily News - ဩဂုတ်(၂၆)ရက် မန္တလေး သတင်းများ

MFP Daily News - ဩဂုတ်(၂၆)ရက် မန္တလေး သတင်းများ

ဩဂုတ်(၂၆)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးမြို့က အမျိုးသမီးတစ်ဦးကို ဖေ့စ်ဘွတ်ခ်မှာ ကွန်မန့်ရေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်း ဖက်ဆစ်တပ်က အနိုင်ကျင့် ဖမ်းဆီးထားပါတယ်။ မလင်းခေတ် ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘွတ်ခ်သုံးတဲ့ အမျိုးသမီးကို သပြေညိုသတင်းလွာ Post အောက်မှာ ရေးတဲ့ကွန်မန့်ကြောင့် ဖမ်းဆီးတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ အမည်၊ နေရပ်လိပ်စာ အတိအကျနဲ့ သုံးစွဲသူတွေရဲ့ ကွန်မန့်တွေ၊ ပို့စ်တွေကို ဖက်ဆစ်တပ်က စောင့်ကြည့်ပြီး အနိုင်ကျင့် ဖမ်းဆီးတာ၊ ငွေညှစ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် အများပြည်သူ အနေနဲ့ ဖေ့စ်ဘွတ် အပါအဝင် လူမှုကွန်ယက်တွေကို သတိထား သုံးစွဲကြဖို့ မန္တလေးမြို့ခံတွေက အချင်းချင်း သတိပေးနေပါတယ်။

၂။ မန္တလေးနှင့် စစ်ကိုင်းမြို့မှာ ဖက်ဆစ်တပ်က လုံခြုံရေး အကြောင်းပြပြီး ပြည်သူတွေကို ဖမ်းဆီး ငွေညှစ် သောင်းကျန်း စစ်ဆေးနေပါတယ်။ မြို့ပေါ်မှာသာမက မြို့အဝင်အထွက် တိုးဂိတ်တွေနှင့် စစ်ကိုင်းတံတား ထိပ်တွေမှာပါ ဖက်ဆစ်တပ်က ကား၊ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

၃။ ရန်ကုန် - မန္တလေး လမ်းဟောင်း၊ ဝမ်းတွင်းမြို့နယ်၊ လျှော်ပင်ကျေးရွာအနီးမှာ ဒီမနက် ဖက်ဆစ်တပ်ရဲ့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ဖက်ဆစ်တပ်သားတွေ အသေအပျောက် ရှိနိုင်တယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF)က သတင်း ထုတ်ပြန်ပါတယ်။

၄။ မန္တလေးမြို့ (၇၈)လမ်းပေါ်က အမှတ် (၁၁) ရဲစခန်းကို ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား MDY-PDF က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။ မနေ့က နေ့လည်ပိုင်းမှာ အမှတ်(၁၁)ရဲစခန်း ဗုံးထုခံရတာဖြစ်ပြီး ဖက်ဆစ်တပ်သား တစ်ယောက် ထိခိုက်ခဲ့သလို ပြည်သူတစ်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်အုပ်စုဘက်ကတော့ သူတို့လူ မထိဘဲ ဈေးလာဝယ်တဲ့ အမျိုးသားတစ်ဦး မစိုးရိမ်ရတဲ့ ဗုံးစမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ ထိခိုက်ဒဏ်ရာရတဲ့အတွက် တောင်းပန်ကြောင်းနှင့် အများပြည်သူ အနေနဲ့ ဖက်ဆစ်တပ်နဲ့ အဝေးမှာ နေကြဖို့ MDY PDF က သတိပေးထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ