မန္တလေးမှာ ဘုရားပရဝုဏ်ကို ပိတ်ပြီး ကင်းဂိတ်ဖွင့် ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို မနေ့က ဗုံးထုတိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာရ

မန္တလေးမှာ ဘုရားပရဝုဏ်ကို ပိတ်ပြီး ကင်းဂိတ်ဖွင့် ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို မနေ့က ဗုံးထုတိုက်ခိုက်ခဲ့ရာ စကစ နှစ်ယောက်သေ၊ တစ်ယောက် ဒဏ်ရာရ

MFP ၊ ဩဂုတ် - ၁၁

မန္တလေးမြို့မှာ ဘုရားပရဝုဏ်ကိုပိတ်ပြီး ကင်းဂိတ်ဖွင့်ကာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို မနေ့က ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၁၀)ရက် မနက် (၉)နာရီကျော်အချိန်မှာ ၃၅ လမ်းနဲ့ ၃၆ လမ်းကြား၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက ဒဟတ္တောဘုရားဝန်းကို ပိတ်ပြီး တပ်စွဲ ကင်းဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုကို MDY-PDF ရဲဘော်တွေက ဗုံးထုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အဲဒီဘုရားကို ပိတ်ထားပြီး ကင်းဂိတ်ဖွင့်လှစ်အထိုင်ချနေတာ လအတော်ကြာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်တဲ့ စကစ သုံးယောက်ကို နန်းတွင်းထဲခေါ်ပြီး စစ်အုပ်စုက ဆေးကုသပေးပေမယ့် နှစ်ယောက်သေဆုံးခဲ့တယ်လို့ အတည်ပြုနိုင်ကြောင်း ဗိုလ်နက္ခတ်ရဲ့ MDY-PDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ မြို့ပြမစ်ရှင်တွေ လုပ်ဆောင်ရတာဟာ အလွန်ခက်ခဲပေမယ့် ကြိုးစားအသက်စွန့် လုပ်ဆောင်နေချိန် ပြည်သူတွေအနေနဲ့ အသွားအလာနဲ့ မလိုလားတဲ့ အပျော်အပါးကိစ္စတွေ လျော့ချပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မြို့ပြရဲဘော်တွေ ဖမ်းဆီးခံရတာ၊ ကျဆုံးတာတွေ ရှိနေချိန် ကိုယ်နဲ့မဆိုင်သလို နေစိမ့်နိုင်လွန်း၊ ပျော်ပါးနိုင်လွန်းတဲ့ မြို့ပြပြည်သူတွေကို အံ့ဩဝမ်းနည်းမိပေမယ့် တော်လှန်ရေးရဲဘော်တွေဟာ တော်လှန်ရေးသစ္စာကို ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ MDY-PDF က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မစ်ရှင်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေအားလုံး အောင်မြင်စွာ ထွက်ခွါနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ - ပုံဟောင်း

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဘုရားဝန်းတပ်စွဲ #ဖမ်းဆီးငွေညှစ် #ဗုံးထုတိုက်ခိုက် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ