MFP ရဲ့ သြဂုတ်(၅)ရက် မန္တလေး သတင်းများ

MFP ရဲ့ သြဂုတ်(၅)ရက် မန္တလေး သတင်းများ

MFP ၊ ဩဂုတ် - ၅

မင်္ဂလာပါခင်ဗျာ။ သြဂုတ် (၅)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ တောင်ပြုံးပွဲတော် လာရောက် လည်ပတ်သူတွေကို စစ်အုပ်စုက ကားလမ်းပိတ်ပြီး လက်နက်ပြ ငွေညှစ်နေပါတယ်။ အဝင်အထွက် လမ်းတွေ ပိတ်ပြီး ဆိုင်ကယ်တစ်စီး (၅၀၀)ကျပ်ပေးမှ ဝင်ထွက်ခွင့် ပေးတာလို့ ဆိုပါတယ်။ တောင်ပြုံးပွဲတော်ကို ဩဂုတ်(၄)ရက်ကနေ (၁၁)ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

၂။မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်၊ နောင်ချိုမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ မန္တလေး PDF တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲပြန်လည် ဖြစ်ပွါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်(၃)ရက်ကတည်းက စစ်အုပ်စုနှင့် မန္တလေး PDF တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်အုပ်စုက ခြောက်ယောက် သေကာ (၃၀)လောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် (၂၂)နဲ့ (၂၈)ရက်တွေကလည်း စစ်အုပ်စုနှင့် တိုက်ပွဲတွေ ြ့ဖစ်ပွားခဲါတယ်လို့ မန္တလေး PDF က သတင်း ထုတ်ပြန်ထားပါတယ်။

၃။ လက်နက်ကြီးထုတ်လုပ်မှုမှာ သုံးဖို့ အမျိုးသမီးရဲဘော်တစ်ဦးက တပ်ဖွဲ့ကို လှူဒါန်းထားတဲ့ ကိုယ်ပိုင်နားကပ်တစ်ရံကို လေလံတင်ရောင်းချမယ်လို့ သပိတ်ကျင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လေလံကြမ်းခင်းဈေး ကျပ်ငါးသိန်းက စတင်ထားပြီး လေလံအောင်သူကို MOD/NUG ရဲ့ ဂုဏ်ပြုလွှာနဲ့ နားကပ်ကို အရောက်ပို့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေလံကာလကို ဩဂုတ် (၅)ရက်ကနေ (၂၅)ရက်အထိ သတ်မှတ်ထားပါတယ်။

၄။ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက စကစခန့် အုပ်ချုပ်ရေးမှူး နဲ့ သတင်းပေး ပျူစောထီး တို့ ဩဂုတ် (၃)ရက်က ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ဒေသခံ (၂၁)ကျော်ကို ဖမ်းဆီးထားပါတယ်။ ဩဂုတ်(၄)ရက် ညသန်းခေါင်အချိန်မှာ ဖမ်းဆီးခံကြရတာဖြစ်ပြီး အဖမ်းခံခဲ့ရသူတွေထဲမှာ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှုးရဲ့ အိမ်နီးချင်းတွေ ပါဝင်တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ