မင်္ဂလာပါခင်ဗျာ။
သြဂုတ်(၃)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ မန္တလေးတိုင်း မြစ်သားမြို့နယ် ရွာခိုင်ကြီးရွာက စစ်ကောင်စီ လက်အောက်ခံ ရာအိမ်မှူး စိန်မင်းဆိုသူ ပစ်ခတ် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက အနီးအနား ရွာတွေက လူငယ်(၅၀)ကျော်ကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ ဇူလိုင်(၃၁)ရက် နေ့လယ်ပိုင်းက မြစ်သားမြို့နယ် ရွာခိုင်ကြီးရွာက စစ်အုပ်စုခန့် ရာအိမ်မှူး၊ ထောင်ဝန်ထမ်းဟောင်း အသက်(၆၀)ကျော်အရွယ် စိန်မင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရတာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်အုပ်စုက ဒေသတွင်း ရန်ပြုသောင်းကျန်းနေပြီး မနေ့ကတော့ မြစ်သားနယ် ဒိုင်းရွာနှဲ့ နတ်လွှရွာက လူငယ် (၅၀)ကျော်ကို ပိတ်ဆို့ ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
၂။ မန္တလေးမြို့အထွက် မတ္တရာလမ်းပေါ်မှာ မနေ့မနက်ပိုင်းက စစ်အုပ်စုကား ဗုံးထုခံရပြီး မြို့နယ်မှူးနဲ့ နယ်ထိန်း ဇော်ဝင်းဆိုသူတို့ ဒဏ်ရာရသွားတယ်လို့ မန္တလေး တော်လှန်ရေး မြို့ပြတပ်ပေါင်းစု (ARFOM)က သတင်း ထုတ်ပြန်ပါတယ်။ ဩဂုတ်(၂)ရက် မနက်ပိုင်းက တောင်ပြုံးရွာထိပ်ကို ရောက်လာတဲ့ စစ်အုပ်စုရဲကားကို ဗုံးထု တိုက်ခိုက်ခဲ့တာဖြစ်ပြီး လိုက်ပါလာတဲ့ ရဲတွေအနက် မြို့နယ်မှူးနဲ့ နယ်ထိန်း ဇော်ဝင်းတို့ ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
၃။ မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ MRRF အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေ အပါအဝင် UG ငါးယောက်ထက်မနည်းကို စစ်အုပ်စုက အိမ်ထဲဝင် စီးနင်းဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ