စစ်ကိုင်းမှာ စစ်အုပ်စုက ခရီးသည်တင် ကားတစ်စီးကို ဖမ်းပြီး ခရီးသည်တွေ အားလုံးကိုပါ ရဲစခန်းထဲ ဖမ်းခေါ်သွား၊

စစ်ကိုင်းမှာ စစ်အုပ်စုက ခရီးသည်တင် ကားတစ်စီးကို ဖမ်းပြီး ခရီးသည်တွေ အားလုံးကိုပါ ရဲစခန်းထဲ ဖမ်းခေါ်သွား၊

MFP ၊ အောက်တိုဘာ - ၁၃

စစ်ကိုင်းမြို့နယ်၊ မန္တလေး - မုံရွာလမ်းပေါ်မှာ ပြည်သူကို ဖမ်းဆီးငွေညှစ်၊ လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုက မနေ့က ညနေပိုင်း ခရီးသည်တင် Express ကားတစ်စီးကို ဖမ်းဆီး ငွေညှစ်ရာကနေ ကားရော ခရီးသည်တွေ အားလုံးကိုပါ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရဲစခန်းထဲ ဖမ်းခေါ်သွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

အောက်တိုဘာ(၁၂)ရက် ညနေ(၅)နာရီခွဲက စစ်ကိုင်းမြို့နယ် အုန်းတောရွာနှင့် နတ်ခရိုင်ရွာကြားမှာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုက မုံရွာ - မန္တလေး ကားလမ်းအတိုင်း မုံရွာဘက်က မောင်းနှင်လာတဲ့ J -Eleven ခရီးသည်တင် ယာဉ်လိုင်းက ကားတစ်စီးကို တားဆီးပြီး ကားရော၊ ကားပေါ်ပါ ခရီးသွားပြည်သူတွေကိုပါ ညောင်ပင်ကြီး ရဲစခန်းထဲ ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

"မုံရွာလမ်းကနေ မန္တလေးဘက်ကို ဦးတည်ထွက်ခွာလာတဲ့ ရန်ကုန် - ကလေး - တမူး ပြေးဆွဲသည့် J -Eleven ကားအသင်း မှ ခရီးသည်တင် Bus U30 အဝါရောင် ကားတစ်စီးကို စစ်ကောင်စီရဲ့ ရွာသစ်ကြီး ရဲစခန်းက Mark II ကားတစ်စီး၊ Crown ကားတစ်စီး နဲ့ ရှေ့နောက်ညှပ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်တင်ကား ဘက်စ်ကားကို ရွာသစ်ကြီးရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခရီးသည်တွေကိုပါ စခန်းမှ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကားပေါ်ပါပစ္စည်းတချို့ကြောင့် ဖမ်းဆီးဖြစ်တယ်လို့ ကနဦးသိရှိရပြီး လက်ရှိမှာတော့ ရွာသစ်ကြီးရဲစခန်းမှာပဲ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်" လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတဲ့ ခရီးသွားပြည်သူတွေ ပြန် လွတ်၊ မလွတ် ဆိုတာနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ မန္တလေး - မုံရွာ - ရွှေဘို ကားလမ်းတလျှောက် ဂိတ်တွေဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး ဆိုင်ကယ်၊ ကား ရပ်မပေးသူတွေကို အမေးအမြန်းမရှိ ပစ်ခတ် သတ်-ဖြတ်တာတွေလည်း ကျူးလွန်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ခရီးသည်တင်ကား #ခရီးသွားပြည်သူ 

See less

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ