မန္တလေး - ရွှေဘို - မုံရွာ လမ်းဆုံက စည်ကားတဲ့ ရွာသာကြီးရွာကို စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့နေ၊ ဒေသခံတချို့ လွတ်အောင်မပြေးနိုင်ဘဲ ပိတ်မိနေပြီး လက်နက်ကြီး ထိမှန်လို့ ဒဏ်ရာရသူတချို့ ရှိနေဟုဆို၊

မန္တလေး - ရွှေဘို - မုံရွာ လမ်းဆုံက စည်ကားတဲ့ ရွာသာကြီးရွာကို စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့နေ၊ ဒေသခံတချို့ လွတ်အောင်မပြေးနိုင်ဘဲ ပိတ်မိနေပြီး လက်နက်ကြီး ထိမှန်လို့ ဒဏ်ရာရသူတချို့ ရှိနေဟုဆို၊

MFP ၊ စက်တင်ဘာ - ၂၅

မန္တလေး - ရွှေဘို - မုံရွာ လမ်းဆုံက အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး စည်ကားတဲ့ ရွာသာကြီးကျေးရွာကို စစ်အုပ်စုက ဒီမနက်ပိုင်း ဝင်မွှေလုယက် ဓားပြတိုက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၅)ရက် မနက်(၅)နာရီကျော်က စတင်ပြီး ဝက်လက်မြို့နယ် လှတောရွာ စခန်းထဲက စစ်အုပ်စုက ရွာသာကြီးရွာထဲ လက်နက်ကြီးနဲ့ထုကာ ဝင်မွှေလုယက် သောင်းကျန်းကာ နေအိမ်တွေကို မီးရှို့နေတာလို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

“ယနေ့ နံနက် (၅:၁၅ ) ခန့်တွင် လှတောစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စကစများသည် ရွာသာကြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ဝင်ရောက်လာရာ ပြည်သူ (၃၀)ဦးခန့် လက်နက်ကြီး ထိမှန် ဒဏ်ရာရ။ (၀၉:၁၀)အချိန် အကြမ်းဖက် စကစများ ရွာသာကြီးရွာရှိ အိမ်တစ်ချို့ စတင်မီးရှို့” လို့ ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

ဒီမနက် မိုးလင်းကတည်းက ပစ်ခတ်သံတွေကြားရပြီးနောက် စစ်အုပ်စု ရွာထဲ ဝင်လာလို့ ထွက်ပြေးနေရကာ နောက်ဆက်တွဲ အခြေအနေတွေတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရွာသာကြီးရွာထဲ ဒေသခံတချို့ ပိတ်မိနေပြီး စစ်အုပ်စုက ဝင်မွှေလုယက် သောင်းကျန်း မီးရှို့နေတယ်လို့ ဆိုပေမယ့် MFP အနေနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေပါဘူး။

ဝက်လက်မြို့နယ် ရွာသာကြီး ကျေးရွာဟာ မန္တလေး - မုံရွာ - ရွှေဘိုလမ်းဆုံမှာ တည်ရှိုပီး အိမ်ခြေ (၁၀၀၀)ဝန်းကျင်ရှိကာ ဒေသတွင်း စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက အိမ်ခြေထောင်ချီပြီး စည်ပင်ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတွေကို ဝင်မွှေလုယက် ဓားပြတိုက်တာ၊ တစ်အိမ်တက်ဆင်း ဖောက်ထွင်းခိုးယူတာ၊ မီးရှို့တာနှင့် ဒေသခံတွေကို ဖမ်းဆီးငွေညှစ် ညှဉ်းပန်း သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စု သောင်းကျန်းနေလို့ ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ဝက်လက်-လှတော လမ်းတွေ ကိုလည်း ဖြတ်သန်း သွားလာတာ မလုပ်ကြဖို့ ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း အသံတိတ်သပိတ် ပြုလုပ်စဉ်က ရွာသာကြီးရွာ/Photo - CJ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ရွာသာကြီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ