မမများနဲ့ပွဲကမယ်(စစ်ကိုင်း) ပရောဂျက် သတ်မှတ်ငွေပမာဏထက် နှစ်ဆနီးပါး ကောက်ခံရရှိ၊

မမများနဲ့ပွဲကမယ်(စစ်ကိုင်း) ပရောဂျက် သတ်မှတ်ငွေပမာဏထက် နှစ်ဆနီးပါး ကောက်ခံရရှိ၊

MFP ၊ ဩဂုတ် - ၁

မမများနဲ့ ပွဲကမယ် (စစ်ကိုင်း) ပရောဂျက်အတွက် အားဖြည့်ထည့်ဝင်မှုငွေပမာဏဟာ သတ်မှတ်ရည်မှန်းထားတဲ့ပဏာမထက် နှစ်ဆနီးပါး ရရှိခဲ့တယ်လို့ မမများနဲ့ပွဲကမယ်ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့ မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းအတွက် မမများနဲ့ ပွဲကမယ် ပရောဂျက် ပထမအဆင့်ကို ပြီးခဲ့တဲ့ဇွန်လ (၂၆) ရက်နေ့ကနေ ဇူလိုင်လ (၂၆) ရက်နေ့ အထိ တစ်လအတွင်း ကောက်ခံရရှိဖို့ ကျပ်သိန်း (၁၅,၀၀၀) ပြည့်မှီဖို့ စတင်ဖိတ်ခေါ်ခဲ့ပေမယ့် ရရှိငွေက ကျပ်သိန်း (၂၇,၇၀၀) အထိ ရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မမများနဲ့ ပွဲကမယ် လူမှုကွန်ရက် စာမျက်နှာမှာ ဖေါ်ပြထားတာကတော့ စစ်ကိုင်းတိုင်းအတွက် မူလက ရည်မှန်းထားတာ သိန်း (၃၀,၀၀၀) ဖြစ်သော်လည်း ပြည်သူတွေ ငွေပမ်း၊ လူပမ်းနေကြတာမို့ အစီအစဉ် နှစ်ပိုင်းခွဲကာ ရှာဖို့ရည်ရွယ်ခဲ့သော်လည်း စေတနာမှန် ကံအကြောင်းတရားကြောင့် ပထမအစီအစဉ် တစ်ခုနဲ့တင် ငွေကျပ်သိန်းပေါင်း (၂၇,၇၀၀) ထိရရှိခဲ့ပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

“ စစ်ကိုင်းအပေါ်ထားတဲ့ ပြည်သူတွေရဲ့စေတနာကြောင့် စစ်ကိုင်းပွဲဟာ ရာခိုင်နှုန်း (၁၈၅%) ဖြင့်အောင်မြင်ကျော်လွန်ခဲ့ပါတယ် " လို့ ထုတ်ပြန်ခဲ့တာပါ။

စစ်ကိုင်းအတွက် ငွေလွှဲခြင်းလုပ်ငန်းတွေစတင်နေပြီဖြစ်လို့ မမနဲ့ ကိုအညာသား ပျော်ပျော်ကြီးတွဲကသံတွေ မကြာမီမှာ တစီစီ ကြားရတော့မှာပါလို့လည်း ဆိုထားပါတယ်။

မမများနဲ့ပွဲကမယ် ပရောဂျက်နှစ်ခု ဖြစ်တဲ့ ကရင်နီနဲ့ စစ်ကိုင်း ပရောဂျက်နှစ်ခုလုံး အောင်မြင်ခဲ့တာလို့ အဲဒီပေ့ချ်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မမများနဲ့ပွဲကမယ် #အညာသား 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ