KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်အုပ်စု တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမောက် အခြေအနေ မေးမြန်းချက်၊ စစ်အုပ်စုက နှစ်ရက်ဆက် လေယာဉ်နဲ့ ဗုံးကြဲပြီး စစ်ကူပေးတဲ့ကြားက စကစတွေ အထိနာ အသေများပြီး စကစတချို့ လက်နက်ချ အလင်းဝင် ဟုဆို၊

KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်အုပ်စု တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမောက် အခြေအနေ မေးမြန်းချက်၊ စစ်အုပ်စုက နှစ်ရက်ဆက် လေယာဉ်နဲ့ ဗုံးကြဲပြီး စစ်ကူပေးတဲ့ကြားက စကစတွေ အထိနာ အသေများပြီး စကစတချို့ လက်နက်ချ အလင်းဝင် ဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၁

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် တောင်ပိုင်းမှာ ယခု အောက်တိုဘာ (၄)ရက်က စတင်ပြီး စစ်အုပ်စုနဲ့ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဗန်းမောက် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တွေကို စစ်အုပ်စုက ဖုန်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သတင်းတွေ သိပ်မတက်ပေမယ့် ဗန်းမောက်နယ် တိုက်ပွဲတွေမှာ စစ်အုပ်စု အထိနာ အသေများနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပြင်တိုက်ပွဲမှာ စစ်အုပ်စု အထိနာ အသေများနေလို့ အောက်တိုဘာ(၄)ရက်နဲ့ (၅)ရက်က နှစ်ရက်ဆက်တိုက် ရဟတ်ယာဉ်တွေနဲ့ပါ လာရောက် ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမောက်တိုက်ပွဲမှာ စကစတွေ အသေအပျောက် များနေပြီး လက်နက်ခဲ့ယမ်းတွေ သိမ်းပိုက်ရရှိတယ်လို့ ဗန်းမောက်တော်လှန်ရေးအဖွဲ့ - Banmauk Revolution - BR က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဗန်းမောက်နယ်ထဲ တိုက်ပွဲ ပြင်းထန်နေချိန် စကစတချို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာတွေလည်း ရှိတယ်လို့ ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ ဗန်းမောက်မြို့တောင်ပိုင်း မြို့နဲ့ ကိုးမိုင်ခန့်ကွာဝေတဲ့ ကျေးရွာတွေမှာ ဖြစ်ပြီး စစ်ကောင်စီက နင်းမိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံ မိန်းကလေးနှစ်ဦးလည်း သေဆုံးခဲ့ပြီး တောထဲကို သတိထားသွားလာကြဖို့ PDF တပ်ဖွဲ့တွေက သတိပေးထားပါတယ်။

နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် ဗန်းမောက်နယ် ကျေးရွာ(၁၀)ရွာခန့်က ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဗန်းမောက်မြို့နယ် တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ပြည်သူတစ်ဦးကို MFP ကဆက်သွယ် မေးမြန်းထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗန်းမောက် #KIA #PDF #လေယာဉ်