MFP ရဲ့ အောက်တိုဘာ(၃)ရက် မန္တလေး သတင်းများ

MFP ရဲ့ အောက်တိုဘာ(၃)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း၊ ကျောက်ဆည်နှင့် စဉ့်ကိုင်မြို့ကြားမှာ ဒီနေ့လည်ပိုင်း လျှပ်စစ်မီတာခတွေ ဘဏ်သွားသွင်းမယ့် ပုလိပ်မြို့က စစ်ကောင်စီ သစ္စာခံ လျှပ်စစ် (EPC) ဝန်ထမ်းနဲ့ စကစတွေ လိုက်ပါလာတဲ့ ကားကို မြို့ပြပြောက်ကျား မဟာမိတ် သုံးဖွဲ့ ပူးပေါင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပလိပ်စခန်းမှူး သေဆုံးပြီး စကစ တစ်ယောက် ဒဏ်ရာရတယ်လို့ မြစ်ငယ် MN PDF တပ်ဖွဲ့ ထုတ်ပြန်ပါတယ်။

မြစ်ငယ် MN PDF မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့၊ Truth Keeping Force – Amarapura နှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်အုပ်စုရဲ့ ကားကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၂။ မန္တလေးမြို့မှာ မနေ့က ညနေပိုင်း တက္ကစီကားမောင်းသူ အသက်(၃၀)ဝန်းကျင် ကားဆရာတစ်ဦး အသတ်ခံရကာ ကားလုယက် ခံခဲ့ရပါတယ်။ ကားဆရာရဲ့ အလောင်းကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ (၁၂၈)လမ်းထောင့်၊ လမ်းဘေးမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး မန္တလေး မြို့တွင်း ဘုရားဖူးကားအငှား လိုက်သွားရာက အသတ်ခံရပြီး ကားလုယက်ခံရတာလို့ ဆိုပါတယ်။ အောင်မြေသာစံမြို့နယ်၊ (၂၆)လမ်းနှင့် (၅၄)လမ်းအနီးက ဟိုတယ်တစ်ခုမှာ တည်းခိုနေသူတွေက ကားငှားပြီး လူသတ်ကာ ကားကို လုယက်သွားပြီးနောက် ညပိုင်းမှာ လုယက်ထားတဲ့ ကားနဲ့ ဟိုတယ်ပြန်လာပြီး အထုပ်အပိုးတွေ ယူဆောင်ကာ ပြန်ထွက်သွားကြတယ်လို့ ဆိုပါတယ်။

၃။ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ပြောက်ကျားတပ်ဖွဲ့တွေက ဒီနေ့က စတင်ပြီး ပြည်သူတွေ ည (၇) နာရီကနေ မနက် (၆)နာရီအတွင်း အပြင်မထွက်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုကို တိုက်ခိုက်မယ့် စစ်ရေး မစ်ရှင်တွေ ပိုမိုလုပ်ဆောင်မှာမို့ ကန့်သတ်တာဖြစ်ပြီး မလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မဖြစ်မနေ သွားလာရမယ့် အရေးပေါ် ကျန်းမာရေးအခြေအနေတွေအတွက် သွားလာခွင့်ကို သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီ အကြောင်းကြား သတင်းပို့ရမှာ ဖြစ်ပြီး အိမ်စီးကားတွေ မှန်ချမောင်းဖို့နဲ့ စစ်အုပ်စုနဲ့ နီးနီးကပ်ကပ် မနေကြဖို့လည်း သတိပေးထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ