MFP Daily News - စက်တင်ဘာ(၂)ရက် မန္တလေး သတင်းများ

MFP Daily News - စက်တင်ဘာ(၂)ရက် မန္တလေး သတင်းများ

မင်္ဂလာပါခင်ဗျာ။ စက်တင်ဘာ(၂)ရက်အတွက် မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးပါမယ်။

၁။ မန္တလေးတိုင်း မြစ်သားနယ်က အိမ်ခြေ(၁၃၀၀)ကျော် ရှိတဲ့ ကသဲကုန်းရွာမှာ ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး လူထုတွေ့ဆုံပွဲဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက် စည်းရုံး တရားဟောဖို့ ကြိုးစားခဲ့ပေမယ့် တစ်ရွာလုံး တစ်ယောက်မှ ရောက်မလာလို့ ပွဲပျက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မနေ့ကလုပ်တဲ့ အဲဒီဟောပြောပွဲတက်ဖို့ ကြိုဖိတ်ခေါ်ထားပေးမယ့် တစ်ယောက်မှ ရောက်မလာတဲ့အတွက် အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ စုစုပေါင်း (၁၀)ယောက်လောက်ကို အတင်းလာခေါ်ပြီး အဖြစ် လုပ်သွားတယ်လို့လည်း ဆိုပါတယ်။

၂။ အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုကျော်သီဟစိုးကို စစ်အုပ်စုက အကြမ်းဖက်မှု ဥပဒေ ပုဒ်မ အပါအဝင် အမှုနှစ်မူနဲ့ တရားစွဲပြီး ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်တယ်လို့ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင် တို့ကိုလည်း မနေ့ စက်တင်ဘာ(၁)ရက်မှာ စစ်အုပ်စုရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။

၃။ မန္တလေးမြို့ပေါ်က CDM ဝန်ထမ်းတွေကို တကျော့ပြန် ဖိနှိပ်နေတဲ့ စစ်အုပ်စုက ဌာနအလိုက် CDM ဝန်ထမ်းစာရင်းတွေ တောင်းခံနေပါတယ်။

၄။မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဩဂုတ်(၂၈)ရက်က ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်း တခြားရဲဘော်တွေကို ဆုတ်ခွာစေကာ တစ်ဦးတည်း ကျန်ရစ်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) အမှတ်(၂) စစ်ဒေသ ဒုတပ်မှူး ရဲဘော်ကိုမှိုင်းဟာ ငါးရက်အကြာမှာ စခန်းကို ပြန်ရောက်လာခဲ့တယ်လို့ PLA က ထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း လောင်းစဉ်ရေဝေရွာနားမှာ PLA နဲ့အတူ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ မိုးကုတ် PDF တပ်တွေနှင့် စစ်အုပ်စုကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်ကိုမှိုင်းဟာ PLA ကို ဦးဆောင်ကာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရဲဘော်အားလုံးကို လုံခြုံရေးအတွက် ဆုတ်ခွါစေပြီး တစ်ဦးတည်းကျန်ရစ်ခဲ့ရာက မသေပျောက်ဘဲ တောထဲမှာ ငါးရက်လုံးလုံး ထမင်းမစားရဘဲ နေခဲ့ရပြီးနောက် ဒီနေ့မှာ တပ်ဖွဲ့ကို ပြန်လည်ရောက်လာခဲ့တယ်လို့ PLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိုးကုတ် တိုက်ပွဲမှာ စစ်အုပ်စုဘက်က (၁၅)ယောက်ထက်မနည်း သေတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ