MFP ၊ ဩဂုတ် - ၁၁
မန္တလေးတိုင်း မတ္တရာမြို့နယ် ဝသုန္ဒရကျေးရွာမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး သုံးယောက်ကို မနေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ရာ တစ်ယောက် သေပြီး နှစ်ယောက် ဒဏ်ရာရတယ်လို့ Mahar Revolution Force(MRF) က သတင်း ထုတ်ပြန်ပါတယ်။
ဝသုန္ဒရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်သောင်း၊ လင်းမြွေချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းနှင့် ထီးတော်မိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးလွင်တို့ သုံးယောက်ကို သြဂုတ်(၁၀)ရက် မနက်(၇)နာရီခွဲက လက်ဖက်ရည် သောက်နေချိန် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ရာ လင်းမြွေချောင်းရွာ အုပ်ချုပ်ရေးမှူး၊ စကစ သတင်းပေး၊ ပျူအဖွဲ့ဝင် ကျော်ဆန်း ဆိုသူ သေတယ်လို့ ဆိုပါတယ်။
“နှစ်ဦး ကျည်ထိမှန်ခဲ့ပြီး ကျန် တစ်ဦးမှာ မတ္တရာဆေးရုံ မနိုင်၍ မန္တလေးဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။ ကျွန်တော်တို့ Mahar Revolution Force(MRF) အဖွဲ့သားများသည် ပြည်သူ့ဘက်တွင် ရပ်တည်ပြီး ပြည်သူကို ဆန့်ကျင်သော အာဏာရှင် မှန်သမျှကို အမြစ်ဖြတ် တိုက်ထုတ်သွားပါမည်” လို့ MRF က ဖော်ပြပါတယ်။
ဦးဌေးလွင်မှာ လက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဦးကျော်ဆန်းမှာ ရင်ဘတ်နဲ့ ပေါင်မှာ ဒဏ်ရာတွေ ရရှိခဲ့ကြပြီး မတ္တရာဆေးရုံမှာ ဆေးကုသနေကြရတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #အုပ်ချုပ်ရေးမှူး #လက်ဖက်ရည်ဆိုင် #ပစ်ခတ်ခံရ