မုံရွာမြို့ သာစည်ထောင် ဆောက်လုပ်ရေးမှာ ကြီးကြပ်နေတဲ့ အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်တစ်ယောက် ဖမ်းမိ၊

မုံရွာမြို့ သာစည်ထောင် ဆောက်လုပ်ရေးမှာ ကြီးကြပ်နေတဲ့ အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ်တစ်ယောက် ဖမ်းမိ၊

MFP ၊ စက်တင်ဘာ - ၁၀

စစ်ကိုင်းတိုင်း မုံရွာမြို့၊ သာစည်ရွာအနီး၊ သာစည်ထောင်သစ် ဆောက်လုက်ရာမှာ ကြီးကြပ်နေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနက စစ်အုပ်စု လက်အောက်ခံ နှစ်ပွင့်ဗိုလ်တစ်ယောက်ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၄) FFP တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၉)ရက်က မုံရွာ - သာစည်လမ်းပေါ် သွားလာနေတဲ့ သာစည်ထောင် ဆောက်လုပ်ရေးမှာ ဒု-ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ယူထားတဲ့ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ် ဦးမျိုးညွန့်အောင် ဆိုသူကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“အာဏာရူး မအလမ၏ မြန်မာတနိုင်ငံလုံး ဂုတ်‌သွေးစုပ်ထားပြီး ဆောက်လုပ်နေသော အကျဉ်းထောင်များကို လိုက်လံ ကြီးကြပ်ရေးအဖွဲ့ရဲ့ အင်ဂျင်နီယာ၊ ဒု-ကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်ဗိုလ် ဦးမျိုးညွန့်အောင် (ကိုယ်ပိုင်နံပါတ် က-----)ကို စက်တင်ဘာ(၉)ရက် မုံရွာမြို့နယ် သာစည်ကျေးရွာတွင် အသစ်ဆောက်လုပ်နေသော အကျဉ်းထောင်ကနေ တိတ်တဆိတ် ထွက်ခွာလာရာ မုံရွာမြို့ သာစည်လမ်းပေါ်တွင် ဖမ်းဆီးရမိပါသည်" လို့ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၄) F.F.P ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

ဖမ်းမိထားတဲ့ အကျဉ်းဦးစီးဌာန စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ မုဒိန်းမှု၊ လူသ-တ်မှု စတဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ထောင်ကျနေတဲ့ ရာဇဝတ် အကျဉ်းသားတွေ အားလုံးကို ထောင်ကလွှတ်ပေးခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မုံရွာမြို့ သာစည်ရွာမှာ အကျဉ်းထောင်သစ် ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #သာစည် #ထောင် #အကျဉ်းဦးစီးဌာန 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ