MFP ၊ စက်တင်ဘာ - ၆
မန္တလေးတိုင်း မြင်းခြံမြို့ မြို့မဈေးကြီးရဲ့ တောင်ဘက်က ဝိန့်ဆန်းရွှေဆိုင်ကို ဓားပြတိုက် လုယက်ခဲ့တယ်လို့ ယူဆရတဲ့ စစ်အုပ်စုရဲ့ ပျူတွေ အချင်းချင်း ပစ်ခတ်မှု ဖြစ်လို့ ပျူတစ်ယောက် ထွက်ပြေးနေရတယ်လို့ မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၃)ရက် ညဦးပိုင်းက မြင်းခြံမြို့ အမှတ်(၁၉)ရပ်ကွက်ထဲက စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူတွေ အချင်းချင်း ပစ်ခတ်မှု ဖြစ်တာလို့ ဆိုပါတယ်။
“အမှတ် (၁၉)မှ ပျူအချင်းချင်း ရန်ဖြစ်ပြီး သေနတ်နဲ့ လိုက်ပစ်တာတွေ ဖြစ်ခဲ့ကြလို့ ပျူ ကျော်ရဲအောင် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ ဝိန့်ဆန်းရွှေဆိုင် ဓားမြဝင်တိုက်ခဲ့တယ်လို့ သံသယရှိသူ (အမှတ်(၁၉)မှ ကွမ်းစိုက်သူနဲ့ အိမ်ထောင်ကျသူ) နဲ့ ကျော်ရဲအောင်တို့က ရန်စ ရှိသူတွေ ဖြစ်ကြပါတယ်။ ပျူခေါင်းဆောင် သီတာယုမွန်က ခိုးဆိုး လုယက်တွေကို ပျူထဲ ဝင်ခိုင်းပြီး အဖမ်းမခံရဘူး အာမခံ ပေးထားတာပါ။ ကျော်ရဲအောင်ကလည်း ပျူအဖြစ် အနီးကပ် မွေးမြူခံထားရသူ တစ်ဦး ဖြစ်ပြီး ပျူ အောင်မိုးသန့် ခေါ် ကျင့်စီ နှင့် သီတာယုမွန်တို့ရဲ့ အတွင်းသတင်း သိသူ ဖြစ်ပါတယ်” လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။
ပျူအချင်းချင်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အေခြအနေတွေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်(၂၈)ရက် နေ့လည်(၁၂)နာရီက မြင်းခြံမြို့ မြို့မဈေးကြီးရဲ့ တောင်ဘက်ကပ်လျှက်မှာ ရှိတဲ့ ဝိန့်ဆန်းရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားလေးဦးက ဆိုင်ထဲဝင်ပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်လို့ လက်ဝတ်ရတနာမျိုးစုံ (ရွှေတစ်ပိဿာကျော်) လုယက်ခံလိုက်ရတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ဟာ မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်၊ မြို့မဈေးကြီးရဲ့ တောင်ဘက်မှာ ရှိပြီး လူစည်ကားတဲ့ နေရာမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။
မြင်းခြံမြို့မှာ စစ်အုပ်စုနှင့် စစ်အုပ်စု လက်ပါးစေ ပျူတွေ ကြီးစိုး သောင်းကျန်းနေတာကြောင့် အဲ့ဒီ ရွှေဆိုင် ဓားပြတိုက်မှုဟာ စစ်အုပ်စုရဲ့ လက်ချက်ဖြစ်နိုင်ကြောင်းနှင့် စစ်အုပ်စုဘက်က PDF တွေလို့ စွပ်စွဲနိုင်ပေမယ့် မြင်းခြံမြို့မှာ မြို့ပြပြောက်ကျားအဖွဲ့တွေ လှုပ်ရှားနေတာ မရှိဘူးလို့ မြင်းခြံမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။
မြင်းခြံမြို့ခံ စီးပွားရေးသမားတွေက ပျူခေါင်းဆောင် သီတာယုမွန်ကို ဆက်ကြေးပေး လာဘ်ထိုးထားချိန်မှာ မြင်းခြံမြို့ခံ မဟုတ်ဘဲ တခြားမြို့က စီးပွားရေး လာရောက်လုပ်ကိုင်တဲ့ ဝိန့်ဆန်း ရွှေဆိုင် ဓားပြတိုက်ခံရတာမို့ စစ်အုပ်စုနဲ့ ပျူတွေရဲ့ လက်ချက်ပဲ ဖြစ်မယ်လို့ မြို့ခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ရွှေဆိုင် #ဓားပြတိုက် #ပျူ