လယ်ယာမြေ ရောင်းထားတဲ့ငွေ စစ်ပြေးပြည်သူတွေကို လှူဒါန်းလိုက်ရတဲ့ အရာတော်နှင့် ဒီပဲယင်း တပ်ဖွဲ့တွေက တိုက်ပွဲဝင်နိုင်ရေး အလှူခံ၊

လယ်ယာမြေ ရောင်းထားတဲ့ငွေ စစ်ပြေးပြည်သူတွေကို လှူဒါန်းလိုက်ရတဲ့ အရာတော်နှင့် ဒီပဲယင်း တပ်ဖွဲ့တွေက တိုက်ပွဲဝင်နိုင်ရေး အလှူခံ၊

MFP ၊ သြဂုတ် - ၃၀

ကိုယ်ပိုင် လယ်ယာမြေတွေ ရောင်းချပြီး လက်နက်ဝယ်ယူဖို့ စုဆောင်းထားတဲ့ ငွေကြေးကို စားဝတ်နေရေး အခက်တွေ့နေတဲ့ စစ်ပြေးပြည်သူတွေကို မလွှဲသာ မရှောင်သာ လှူဒါန်းလိုက်ရတာကြောင့် တိုက်ပွဲဝင်နိုင်ရေး ရံပုံငွေ လိုအပ်နေပြီး အများပြည်သူက တတ်နိုင်သလောက် ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြဖို့ ဒီပဲယင်း Local Fighters Squad နှင့် အရာတော် ရွှေချိုးဖြူ ကာကွယ်ရေးတပ်ဖွဲ့တို့က အလှူခံနေပါတယ်။

“လိုအပ်သောနေသော လက်နက်ခဲယမ်း၊ စစ်သုံးစရိတ်များကို အဖွဲ့ရှိ တပ်သားများ၏ ကိုယ်ပိုင် လယ်ကွက်၊ ခြံကွက်များ၊ ပိုင်ဆိုင်မှူများကို ရောင်းချပြီး ဖြည့်တင်း တပ်ဆင်ခဲ့ ကြပါသည်။ ထပ်မံလိုအပ်နေသော လက်နက်ခဲယမ်းများအား ဖြည့်တင်းဖို့လည်း ရည်ရွယ်ပြီး စုဆောင်းထားခဲ့ကြပါသည်။ မကြာသေးမီ ကာလတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များမှ ပြည်သူများ၏ ရပ်ရွာ အိုးအိမ်များအား မီးရှို့ဖျက်ဆီး အကြမ်းဖက်မှုများကြောင့် ရှောင်ပြေးလာကြသော စစ်ရှောင်ပြည်သူများကို ကျွန်ုပ်တို့ Local Fighters Squad နှင့် အရာတော် ရွှေချိုးဖြူ ကာကွယ်ရေး တပ်ဖွဲ့တို့မှ လက်နက်ဝယ်ယူဖို့ စုဆောင်းထားသော အရံငွေများမှ ထုတ်နုတ်သုံးစွဲပြီး စစ်ရှောင်ပြည်သူများ လတ်တလော နေထိုင်စားသောက်ရေး အဆင်ပြေစေရေး အတွက် သုံးစွဲခဲ့ရပါသည်။ ထိုကြောင့် ယခုအချိန်တွင် တော်လှန်ရေးတွင် အသုံးပြုမည့် လက်နက်၊ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ စစ်ဘက် အသုံးစားရိတ်များမှာ တဖြည်းဖြည်း လျှော့နည်းလာနေပြီ ဖြစ်ပါသည်။ ထပ်မံရင်းနှီးဖို့ အတွက်မှာလည်း ကျနော်တို့ တပ်သားများတွင် အကြွေးများနှင့် အသက်များသာ ကျန်ရှိနေပါတော့သည်။ ကျနော်တို့မှာလည်း အားမာန်တင်းလျှက်ရှိ နေပါသေးသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာပြည်သူပြည်သား များထံ အကူညီတောင်းပါရစေ။ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အပေါင်းတို့အား အကူအညီ တောင်းခံပါရစေ။ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ အနေနှင့် ကျွန်တော်တို့ ဖယ်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် အကြမ်းဖက် စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေသည့် ရွှေချိုးဖြူ ကာကွယ်ရေးတပ်ဖွဲ့နှင့် Local Fighters Squad ကိုလည်း ဝန်းရံပေးကြပါဦးဗျ။ ကျနော်တို့ လက်နက်ခဲယမ်းများနှင့် စစ်ဘက်အသုံးစားရိတ်များ ပြန်လည်ဖြည့်ဆည်းဖို့ အကူအညီတောင်းခံခြင်း Campaign အတွက် Page Chat Box မှာ လာရောက် ပါဝင်ကူညီ အားဖြည့်လို့ ရပါပြီဗျ” လို့ Local Fighters Squad က ဖော်ပြပါတယ်။

ဒီပဲယင်း Local Fighters Squad နှင့် အရာတော် ရွှေချိုးဖြူ ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ မဟာမိတ်တွေ ဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေ ဖြစ်ပါတယ်။ လက်နက်အင်အား၊ လူအင်အားအရ စစ်အုပ်စုနှင့် ရင်ဆိုင်တိုက်ပွဲ ဖော်ဆောင်နိုင်တာ မရှိပေမယ့် လိုအပ်တဲ့ စစ်ပညာသင်ကြားထားပြီး ရပ်ရွာထဲက လူငယ်တွေကို ဆင့်ပွားသင်တန်း ပို့ချကာ NUG လက်အောက်ခံ PDF တပ်ရင်း တပ်ဖွဲ့တွေ၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တွေ၊ မဟာမိတ်အဖွဲ့တွေနှင့် ပူပေါင်းကာ စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီပဲယင်း Local Fighters Squad နှင့် အရာတော် ရွှေချိုးဖြူ ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့လှူဒါန်းလိုသူတွေ အနေနဲ့ Local Fighters Squad ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ ဆက်သွယ်နိုင်သလို NUG Pay ကနေလည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဒီပဲယင်း #အရာတော် #ShweJoePhyu

#LocalFightersSquad #အညာမြေမှတောက်ခေါက်သံ #တော်လှန်ရေးအားမာန် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ