MFP ၊ ဩဂုတ် - ၁၈
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးက ကင်းကျေးရွာကို မနေက ဩဂုတ်(၁၇)ရက်မှာ ဖက်ဆစ်တပ်က ရဟတ်ယာဉ်သုံးစီးနဲ့ ရုတ်တရက် စီးနင်း တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ (၁၀၀)ကျော် ထွက်ပြေးချိန် မရလိုက်ဘဲ ရွာထဲမှာ ပိတ်မိပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်အထက်ပိုင်းက စုန်ဆင်းလာတဲ့ ဖက်ဆစ်တပ်ရဲ့ စစ်သင်္ဘော သုံးစင်းဟာလည်း ကနီနှင့် မင်းကင်းမြို့နယ်၊ မြစ်ဘေးက ရွာတွေကို ဝင်မွှေလုယက် သောင်းကျန်းနေပြီး ဖောက်ထွင်းခိုးယူလို့ ရသမျှ အဖိုးတန် ပစ္စည်းတွေကို သင်္ဘောတွေပေါ်တင်ပြီး သယ်ယူနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ကင်းရွာထဲ ပိတ်မိနေပြီး ဖက်ဆစ်တပ်ရဲ့ ဖမ်းဆီးတာ ခံထားရတဲ့ ဒေသခံပြည်သူ (၁၀၀)ကျော်နှင့် ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေ မသိရသေးပါဘူး။ ဖက်ဆစ်တပ်ဟာ ချင်းတွင်းမြစ်ဘေး ရွာတွေကို အကြိမ်ကြိမ် ဝင်မွှေလုယက် မီးရှို့နေတာ ဖြစ်ပြီး မေလအတွင်းက ဖက်ဆစ်တပ်ရဲ့ မီးရှို့တာ ခံရလို့ ကင်းရွာမှာ အိမ်ခြေ (၂၀၀)ကျော် မီလောင်ပြာကျ ခဲ့ပါသေးတယ်။
အခုလို ဖက်ဆစ်တပ်က ရဟတ်ယာဉ်တွေရော၊ သင်္ဘောတွေပါ သုံးပြီး ကင်းရွာ အပါအဝင် ကနီနှင့် မင်းကင်းနယ်စပ်က ရွာတွေကို စီးနင်း တပ်စွဲတာဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆန်သွားလာချိန် တိုက်ခိုက် မခံရအောင် ကာကွယ်တာ ဖြစ်နိုင်သလို ခြေကုပ်ယူပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းဖို့လည်း ဖြစ်နိုင်တယ်လို့ မဟူရာနဂါး - Mahauurar Dragon KPDF တပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ကင်းရွာ အပါအဝင် ကနီနှင့် မင်းကင်းနယ်စပ်၊ ချင်းတွင်းမြစ်ဘေး ရွာတွေကို ဖက်ဆစ်တပ်က ရဟတ်ယာဉ်တွေရော၊ သင်္ဘောတွေပါ သုံးပြီး စီးနင်း တပ်စွဲတာနဲ့ ပတ်သက်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Mahauurar Dragon KPDF တပ်ဖွဲ့ တာဝန်ရှိသူကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချင်းတွင်း #ကင်းရွာ #MahauurarDragonKPDF #PDF