ရင်ပေါင်တိုင်ရွာမှာ (၁၀)တန်းကျောင်းသား အပါအဝင် ပြည်သူ ရှစ်ဦးရဲ့ အလောင်းတွေ တွေ့၊ ပြည်သူ (၂၃) ဦး ပျောက်ဆုံးနေ၊
PDF ရဲတွေ ကျဆုံးမှု ရှိသလို စကစ (၃၀)ကျော် သေဟုဆို၊
MFP ၊ ဩဂုတ် -၁၅
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ပုလဲနယ်အစပ်က ရင်ပေါင်တိုင်ရွာကို အကြမ်းဖက် စစ်အုပ်စုက ရဟတ်ယာဥ်နဲ့ ပစ်ခတ်ကာ လေးရက်ကြာ စီးနင်းသောင်းကျန်းပြီး ပြန်ထွက်သွားချိန် ကျေးရွာအတွင်း ဒေသခံပြည်သူ ရှစ်ဦး ရဲ့ အလောင်းတွေ တွေ့ရပြီး ပြည်သူ (၂၃)ဦးကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ရင်ပေါင်တိုင်ရွာထဲ ရှင်းလင်းရေးလုပ်နေတဲ့ တော်လှန်ရေးရဲဘော်တွေက MFP ကို အတည်ပြုပါတယ်။
ဒါ့အပြင် ရင်ပေါင်တိုင်ရွာထဲ စီးနင်းသောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ရာမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တချို့ ကျဆုံးမှု ရှိသလို စကစ (၃၀)ကျော် သေတယ်လို့လည်း ဆိုပါတယ်။
မနေ့ ဩဂုတ် (၁၄) ရက်က စစ်ကောင်စီ အကြမ်းဖက်သမားတွေ ရင်ပေါင်တိုင်ရွာက ပြန်လည်ထွက်ခွာချိန်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တစ်ရွာဝင်တစ်ရွာထွက် ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးလည်းများပြီး ဒေသခံ ဒေသခံ အမျိုးသား (၂၃) ဦးကို ဓားစာခံလူသားဒိုင်း အဖြစ် ဇီးဖြူကုန်း ပျူရွာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တော်လှန်ရေး ရဲဘော်တွေကပြောပါတယ်။
ရင်ပေါင်တိုင်ရွာထဲ စီးနင်းသောင်းကျန်းတဲ့ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ၊ ရဟတ်ယာဥ်နဲ့ စီးနင်းပစ်ခတ်ခံရမှုနှင့် ဒေသခံပြည်သူ ဖမ်းဆီးသ-တ်-ဖြတ် ပျောက်ဆုံးနေမှု အခြေအနေတွေကို ယင်းမာပင်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကို MFP က ဆက်သွယ်မေးမြန်းထားပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပြည်သူ #ရင်ပေါင်တိုင် #ရွာ #PDF