MFP ၊ သြဂုတ် - ၆
မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်၊ မိုးမိတ်မြို့အဝင်က အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ (၃၄၈)တပ်ရင်းကို သြဂုတ်(၃)ရက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စကစတွေ အထိအခိုက် ရှိနိုင်တယ်လို့ မိုးကုတ်ဒေသ PDF တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၃)ရက် နေ့လည်(၁)နာရီကျော်က မိုးမိတ်မြို့အဝင်မှာ ရှိတဲ့ စစ်အုပ်စုရဲ့ (၃၄၈)တပ်ရင်းကို မိုးကုတ်အခြေပြု PDF တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း(၁၂၂၁)၊ တပ်ရင်း (၁၂၂၂)၊ တပ်ရင်း(၁၂၂၃)နှင့် မိတ်ဖက် ပူးပေါင်း စစ်ဆင်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တပ်ရင်း (စကစတပ်ရင်း) အတွင်း အဆောက်အဦး တစ်ခုပေါ် လက်နက်ကြီး ထိမှန်ခဲ့၍ အထိအခိုက်၊ အကျအဆုံး ရှိနိုင်ပါသည်” လို့ PDF တွေက ဖော်ပြပါတယ်။
စစ်အုပ်စုဘက်က ထိခိုက်မှု အခြေအနေ မသိရပေမယ့် PDF ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိဘူးလို့ မိုးကုတ်ဗျူဟာ PDF တပ်ရင်း (၁) - Red Wolves Of Mogok ကလည်း ဖော်ပြပါတယ်။
“မိုးကုတ်နှင့် မိုးမိတ်ကြား တိုက်ပွဲမှာ ကျွန်တော်တို့ မိုးကုတ်ဗျူဟာ တပ်ရင်း (၁)Red Wolves Of Mogok ၏ ပွဲဦးထွက်လေးပဲ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ဘက်တော့ အထိအခိုက်အကျအဆုံးတော့ မရှိပါဘူးဗျ” လို့ Red Wolves Of Mogok က ဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် ဒေသတွေ ဖြစ်တဲ့ မိုးမိတ်မှာသာမက နောင်ချိုဘက်မှာလည်း စစ်အုပ်စုနှင့် PDF တပ်ဖွဲ့တွေ တိုက်ပွဲ စစ်ရေးတင်းမာနေပြီး နောင်ချိုဒေသ တိုက်ပွဲတွေမှာလည်း PDF တွေ အထိအခိုက် မရှိဘဲ စကစတွေ အထိနာ အသေများနေတယ်လို့ PDF တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုမိတ် #မိုးကုတ် #PDF #ရှမ်းပြည် #တိုက်ပွဲ