MFP၊ သြဂုတ် - ၂
မကွေးတိုင်း၊ ကျောနယ်က MOGE လက်အောက်ခံ ပုထိုးလုံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံရဲ့ အင်ဂျင်နီယာမှူးအပါအဝင် ဝန်ထမ်း (၂၄)ဦးကို ဖမ်းဆီးခဲ့ရာမှ အရပ်သားဝန်ထမ်း (၂၃)ဦးကို ခံဝန်ကတိထိုးစေပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ YDF -တပ်ရင်း (၁၂) (ကျော)က ထုတ်ပြန်ပါတယ်။
ပြန်လွှတ်ပေးခဲ့သူတွေဟာ စစ်ကောင်စီရဲ့ တရားဝင် ဝန်ထမ်းတွေမဟုတ်ဘဲ ဒေသခံ နေ့စားအလုပ်သမားများသာဖြစ်ပြီး နောက်နောင် စစ်ကောင်စီနဲ့ ဆက်ပြီး မပတ်သက်ဖို့ ဝန်ခံကတိထိုးစေပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ YDF တပ်ရင်း (၁၂)ရဲ့ တပ်ရင်းမှူးဖြစ်သူက MFP ကို ပြောပါတယ်။
လက်ရှိအခြေအနေမှာ MOGE လက်အောက်ခံ ပုထိုးလုံ လျှပ်စစ်စက်ရုံမှ အင်ဂျင်နီယာမှူး ဦးမင်းအောင် တစ်ယောက်ထဲကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး ၎င်းရဲ့ ကျောက်ကပ်ရောဂါအတွက် လိုအပ်တဲ့ဆေးဝါးထောက်ပံ့တဲ့အပြင် ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
"ဦးမင်းအောင်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့အပိုင်းက မပြီးသေးဘူး။ တချို့ စစ်ဆေးရမယ့်အပိုင်းလေးတွေ ကျန်သေးတယ်။ ပြီးတော့မှ သူ့ကို စုံစမ်းစစ်ဆေးမှုရလဒ်အပေါ်မူတည်ပြီး အရေးယူဆောင်ရွက်မှု ဆက်လုပ်သွားမယ်"လို့ YDF တပ်ရင်း (၁၂)မှ တပ်ရင်းမှူးက MFP ကို ပြောပါတယ်။
YDF - တပ်ရင်း (၁၂)ကျောဟာ ဒီဓာတ်အား ထုတ်လုပ်ရေးစက်ရုံကို ဇူလိုင် (၂၈)ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး အင်ဂျင်နီယာမှူး ဦးမင်းအောင်အပါအဝင် ဝန်ထမ်း (၂၄)ဦးကို ထိန်းသိမ်းခဲ့တဲ့အပြင် ကားလေးစီးကိုလည်း တော်လှန်ရေးလုပ်ငန်းများအတွက် ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုထိုးလုံ စက်ရုံက ဒေသခံနေ့စားဝန်ထမ်းတွေကို ပြန်လွှတ်ပြီး ဦးမင်းအောင်ကို ဆက်လက်ထိန်းသိမ်းတာဟာ ၎င်းအနေနဲ့ MOGE လုပ်ကွက်ကထွက်တဲ့ ရေနံစိမ်းတွေကိုခိုးထုတ်ပြီး ရောင်းလို့ရတဲ့ငွေတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေထံ ထောက်ပံ့နေတာကြောင့်ဖြစ်တယ်လို့ YDF တပ်ရင်း ကဆိုပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)