စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီး မီးရှို့၊

စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီး မီးရှို့၊

MFP ၊ အောက်တိုဘာ - ၂၉

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရွှေလုပ်ကွက်တွေအနီးမှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီး မီးရှို့ပြီး ကြိမ်ဒဏ်ပေး အရေးယူခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဗိုလ်လင်းယုန်အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ် မင်းပန်းတောင် ရွှေလုပ်ကွက်ထဲမှာ စစ်အုပ်စုကို တစ်လသိန်း(၃၀) ဆက်ကြေးပေးပြီး လူမိုက်တွေမွေးကာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းတွေကို အရေးယူခဲ့တာလို့ ဆိုပါတယ်။

"ခွေးကောင်စီကို တစ်လလျှင် တစ်ဝိုင်းကို (၃၀)သိန်းပေးပြီး နယ်ခံ မိုက်ကယ်များနှင့် ပေါင်းသင်းကာ ညအချိန်မတော်သည်အထိ ဆောင်းဘောက်များကို ပတ်ဝန်းကျင် နားမခံနိုင်အောင်ဖွင့်၍ ဂလုံးဂလုံးဝိုင်းများထောင်ကာ လောင်းကစား ပြုလုပ်နေသူများအား မိမိတို့ ခရိုင်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဖမ်းဆီးပြီး ကြိမ်ဒဏ်ပေး၍ လောင်းကစားဝိုင်း ပစ္စည်းများကို မီးရှို့ အပြစ်ပေး အရေးယူဆောင်ရွက်ခဲ့သည်" လို့ ဗိုလ်လင်းယုန် ပကဖ က ဖော်ပြပါတယ်။

စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ထဲ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ KTV၊ လောင်းကစားဝိုင်း၊ မူးယစ်ဆေးနှင့် မြန်မာစည်ဘီယာဆိုင်တွေကိုလည်း အရေးယူမှာ ဖြစ်ကြောင်းနဲ့ ပြည်သူကို သတ်ဖို့ စစ်အုပ်စုကို ကျည်ဆံဖိုးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေကိုလည်း ဆက်လက်လုပ်ကိုင်နေပါက အရေးယူမယ်လို့ ဆိုပါတယ်။

"ရပ်တန့်ဖို့ ထုတ်ပြန်ထားသည့်ကြားမှ ဆက်လက်လုပ်နေပါက ယခုကဲ့သို့ လက်တွေ့ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည်။ နှစ်မြို့နယ်အတွင်းမှာ ရှိတဲ့ မိဘပြည်သူများအနေဖြင့် အထပ်ဖော်ပြပါ လုပ်ရပ်များအား ကျူးလွန်နေသူများကို တာဝန်သိစွာ သတင်းပေးလိုပါက ကျွန်ုပ်တို့၏ ဗိုလ်လင်းယုန် (Page Messenger)တွင် လာရောက်၍ သက်သေအထောက်အထား အတိအကျဖြင့် သတင်းပေးပို့နိုင်ပါသည်" လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ ခရိုင်(ပကဖ) က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စဉ့်ကူးနှင့် သပိတ်ကျင်းနယ်က ရွှေလုပ်ကွက်ရှိရာ နေရာတွေမှာသာမက မန္တလေးမြို့ပေါ်နှင့် မန္တလေးတိုင်း နေရာအနှံ့မှာ လောင်းကစားနှင့် မူးယစ်ဆေးသမားတွေကို ဆက်ကြေးကောက်ပြီး ပေါ်တင် ရောင်းဝယ်လုပ်ကိုင်ခွင့် ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း မန္တလေမြို့ပေါ်မှာ စစ်အုပ်စုကို ဆက်ကြေးပေးပြီး ပေါ်တင် လုပ်ကိုင်နေတဲ့ လိုင်းကစားဝိုင်းတချို့ကို PDF တွေက ဖမ်းဆီး အရေးယူတာတွေ ရှိခဲ့ပါသေးတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာတော့ ဆက်ကြေးပေးပြီး ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေကို စစ်အုပ်စုက လုံခြုံရေးပါ ယူပေးထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #စဉ့်ကူး #လောင်းကစားဝိုင်း #ဗိုလ်လင်းယုန်