MFP ၊ နိုဝင်ဘာ - ၇
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြိုု့၊ မြို့မရဲစခန်း မနေ့ညက မိုင်တဲမမနဲ့ အချက်(၆၀)နီးပါး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက စိတ်ကောက်ကာ မြို့ပေါ် ရပ်ကွက်တွေနဲ့ လမ်းမီးတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
နိုဝင်ဘာ(၆)ရက် မနေ့က ညပိုင်းက ဆားလင်းကြီးမြို့မရဲစခန်းကို Brother Defense Force အဖွဲ့နဲ့ ဆားလင်းကြီး သမန်းကျား ပျောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းပြီး (၆၀မမ)၊ (၈၀မမ)၊ (၁၂၀မမ) လက်နက်ကြီး အလုံးရေ (၆၀)နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်း ခေါင်းမိုးပေါ် ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပြီး စကစ သုံးယောက် ထိခိုက်သေဆုံးတယ်လို့ Brother Defence Force က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ မနေ့ညကတည်းက ရမ်းကားပစ်ခတ်တာတွေ ရှိခဲ့သလို ဒီညနေပိုင်းမှာလည်း သေနတ်ပစ်ဖောက် ရမ်းကားနေပြီး မြို့ပေါ် ရပ်ကွက်တွေနှင့် လမ်းမီးတွေ မီးဖြတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"ညနေပိုင်းက ဆားလင်းကြီးရဲစခန်းဘက် သေနတ်သံများ၊ လက်နက်ကြီး ကျသံများ ကြားရပါတယ်။
ယခုညပိုင်း ထူးခြားဖြစ်စဉ် အနေနဲ့တော့ ဆားလင်းကြီးမြို့ပေါ် အများစု နေရာများ၊ လမ်းမီးများ မလာဘူးလို့ သိရပါတယ်ခဗျာ။ မြို့ပေါ်နေ မိဘပြည်သူများ တန်ဆောင်မုန်းလပြည့်နေ့မှာ ဘေးကင်းရန်ကင်း ကြပါစေ" လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
ဆားလင်းကြီးမြို့ရဲ့ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း မုံရွာမြို့နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက် ဓားပြတိုက် မီးရှို့နေတာကို တုန့်ပြန်တဲ့အနေနဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ဆားလင်းကြီးမြို့မရဲစခန်းကို မနေ့ကညပိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆားလင်းကြီး Brother Defense Force က သတင်း ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ နိုဝင်ဘာ(၃)ရက်က စတင်ပြီး မုံရွာမြို့နယ်ထဲက နဂါးတွင်းရွာ၊ တဲတိုက်ရွာ၊ ဂျိုးစုရွာ၊ ချမ်းသာကျွန်းရွာ၊ ရန်နိုင်ကျွန်းရွာ၊ ဆူးလေကုန်းရွာ၊ ကိုးရှင်းကျွန်းရွာ၊ ထန်းလေးပင်ရွာ၊ လင်းပင်ဝရွာ၊ ကြာပိုင်ရွာ စတဲ့ရွာတွေထဲ စီးနင်းဝင်မွှေ သောင်းကျန်းကာ လူသတ်၊ လုယက်၊ ဓားပြတိုက် အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #ဆားလင်းကြီး #BDF
ဆားလင်းကြီး ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စု စိတ်ကောက်ကာ မြို့ပေါ် ရပ်ကွက်နဲ့ လမ်းတွေ မီးဖြတ်ထား၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024