ကျောက်ဆည် KDDF တပ်ဖွဲ့ ခေါင်းဆောင် ပစ်ခတ် ဖမ်းဆီးခံရ၊ ဖုန်းနှင့် KDDF ဖေ့စ်ဘွတ်ခ်ပေ့ချ်ပါ စစ်အုပ်စု လက်ထဲ ပါသွားလို့ နီးစပ်သူတွေ ရှောင်ကြဖို့ သတိပေး၊

ကျောက်ဆည် KDDF တပ်ဖွဲ့ ခေါင်းဆောင် ပစ်ခတ် ဖမ်းဆီးခံရ၊ ဖုန်းနှင့် KDDF ဖေ့စ်ဘွတ်ခ်ပေ့ချ်ပါ စစ်အုပ်စု လက်ထဲ ပါသွားလို့ နီးစပ်သူတွေ ရှောင်ကြဖို့ သတိပေး၊

MFP ၊ အောက်တိုဘာ - ၈

ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့ - Kyaukse District Defense Force - KDDF ခေါင်းဆောင် ကိုရာဇာမင်း ခေါ် ကိုဝေဖြိုးအောင် ကို မနေ့က မနက်(၁၁)နာရီကျော်မှာ စစ်အုပ်စုက ပစ်ခတ် ဖမ်းဆီးသွားပြီး ဖုန်းနှင့် KDDF ဖေ့စ်ဘွတ်ခ် ပေ့ချ်ကိုလည်း စစ်အုပ်စုက အသုံးပြုနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ(၇)ရက် မနေ့က မနက်(၁၁)နာရီကျော်မှာ KDDF ခေါင်းဆောင် ကိုရာဇာမင်းနှင့် တပ်ဖွဲ့ဝင် ရဲဘော်တွေကို စစ်အုပ်စုက စောင့်ကြိုပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ရဲဘော်တချို့ လွတ်မြောက်လာပေမယ့် ကိုရာဇာမင်းကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိသွားတာလို့ ဆိုပါတယ်။

"သူတို့လာမယ့် လမ်းကနေ ကြိုစောင့်ပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ကျန်တဲ့ရဲဘော်တွေကိုတော့ လွတ်မြောက်တဲ့နေရာကို ညတွင်းချင်း ကယ်ထုတ်ပြီးပါပြီ။ အပစ်ခံရတာ သုံးယောက်ပါ။ သုံးယောက်လုံး ကျည်ထိထားတယ်။ နစ်ယောက်လွတ်တယ်။ ကိုရာဇာမင်း တစ်ယောက်တော့ ကျည်ထိဒဏ်ရာနဲ့ အဖမ်းခံလိုက်ရပါတယ်။ KDDF ဖေ့စ်ဘွတ် လည်း အခု ခွေးတွေ လက်ထဲမှာပါ" လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

KDDF ခေါင်းဆောင် ကိုရာဇာမင်းကို ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် မိုင်းထောင်ဖို့ ကြိုးစားနေချိန် ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ခြေထောက် ကျည်ထိမှန်ကာ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း ကျောက်ဆည်နယ်က ပြည်သူတွေကို နေ့စဉ်ရက်ဆက် ဖမ်းဆီးနေပြီး အောက်တိုဘာ(၃)ရက်၊ (၄)ရက်နှင့် (၅)ရက်နေ့တွေကလည်း ကျောက်ဆည်မြို့နယ် အနောက်ခြမ်းက ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းကာ ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး တံတားဦးကုန်းရွာက NLD ပါတီဝင် အမျိုးသမီးတစ်ဦးကိုမူ စစ်အုပ်စုက အောက်တိုဘာ(၃)ရက်မှာ ဖမ်းဆီးကာ ညတွင်းချင်း ညှဉ်းပန်း သတ်-ဖြတ်ပြီးနောက် အလောင်းကို လမ်းဘေးစွန့်ပစ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျောက်ဆည် #KDDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ