MFP ၊ စက်တင်ဘာ - ၁၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ထဲက ရေလည်ကျွန်းကျေးရွာမှာ ဒေသခံ ပြည်သူတချို့ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး လေးရက်ဆက် စီးနင်းသောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ဒီမနက်ပိုင်းမှာလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီး စကစတွေ အသေအပျောက် ရှိတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက သတင်း ထုတ်ပြန်ပါတယ်။
မတ္တရာမြိုနယ် ရှင်လှ ၊ အေးကျွန်း ၊ ရေလည်ကျွန်း ရွာတွေထဲ စက်တင်ဘာ(၉)ရက် ကတည်းက စီးနင်းဝင်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ ဒီနေ့ မနက်(၉)နာရီက နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲ့ဒီ တိုက်ပွဲအတွင်း စကစ (၁၃)ယောက် သေကာ (၁၅)ယောက် ဒဏ်ရာရတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၅) Tiger King တပ်ဖွဲက ဆိုပါတယ်။
"ကျွန်တော်တိုတပ်ရင်း ၁၅ ( Tiger King)မှ အဝေးပစ် လက်နက်ကြီးဖြင့် (၁၂)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။ နာရီဝက်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ဘက်တော်သား သူရဲကောင်းများ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်"လို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း စကစတွေ ပစ်ခတ်တဲ့ လက်နက်ကြီးနှစ်လုံး သူတို့အဖွဲ့ အချင်းချင်းကြား ပြန်ကျကာ ကိုယ့်လက်နက်နဲ့ကို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ စုံစမ်းသိရကြောင်းလည်း Tiger King က ဆိုပါတယ်။
မတ္တရာနယ် ရေလည်ကျွန်း၊ ရှင်လှနှင့် အေးကျွန်းရွာတွေထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုနဲ့ ဒီမနက်ပိုင်း တိုက်ပွဲ ဖြစ်ပွားရာမှာ ရွှေဘိုခရိုင် တပ်ရင်း(၁၅) - Tiger King နှင့်အတူ ကောင်းကင်တော်လှန်ရေး အင်အားစု (မတ္တရာ)၊ ရွှေဘိုခရိုင် တပ်ရင်း (၂)၊ တပ်ရင်း (၁၇)နှင့် တပ်ရင်း (၁၈)၊ ဧရာဝတီညီအကို မတ္တရာအဖွဲ၊ GZ Special Task Force ၊ ဒေါင်းနီ အဖွဲ၊ စစ်ကိုင်းတပ်ရင်း (၂) တပ်ခွဲ (၁) - G Fatt အဖွဲနှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ(၉)ရက်က ရေလည်ကျွန်းရွာထဲ ဝင်မွှေသောင်းကျန်းတဲ့ စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံပြည်သူ လေးဦးထက်မနည်းကို ဖမ်းဆီးထားပြီး ရေလည်ကျွန်း၊ အေးကျွန်းနှင့် ရှင်လှရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစု (မတ္တရာ)နှင့် မတ္တရာ A B R F တပ်ဖွဲ့ဝင် ရဲဘော်တွေက MFP ကို ပြောပါတယ်။
“အခုတော့ တိုက်ပွဲက ရပ်နေတယ်။ သူတို့ကလည်း နောက်မဆုတ်သေးဘူး။ ကျွန်တော်တို့ကလည်း နောက်မတုတ်ဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်” လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစု (မတ္တရာ)က ပြောပါတယ်။
စက်တင်ဘာ(၉)ရက်က ရေလည်ကျွန်းရွာထဲ စစ်အုပ်စု စတင် ဝင်မွှေ သောင်းကျန်းချိန်က လက်နက်ကြီးနဲ့ ထုလို့ အသက် ငါးနှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်း ထိမှန် ဒဏ်ရာရခဲ့ကာ အသက်အန္တရာယ် စိုးရိမ်ရသလို ဒေသခံ အမျိုးသမီးတစ်ဦးလည်း ခြေထောက်မှာ လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စုက ရေလည်ကျွန်းရွာက နေအိမ် သုံးလုံးထက် မနည်းကိုလည်း မီးရှိုကဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ရေလည်ကျွန်းရွာထဲ စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ပထမနေ့ တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေး အင်အားစု (မတ္တရာ)က MFP ကို ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရေလယ်ကျွန်းရွာ #တိုက်ပွဲ