မုံရွာ ထန်းလေးပင်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ဂျပန်ကြီးရဲ့ နာရေးကျင်းပ၊

မုံရွာ ထန်းလေးပင်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ဂျပန်ကြီးရဲ့ နာရေးကျင်းပ၊

MFP ၊ နိုဝင်ဘာ - ၁၄

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထန်းလေးပင်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ (Salingyi) တပ်ဖွဲ့ဝင် ရဲဘော် ဂျပန်ကြီး ခေါ် ရဲဘော် ကိုရဲလင်းအောင် ရဲ့ နာရေးကို ဒီနေ့ နိုဝင်ဘာ(၄)ရက်မှာ ကျင်းပခဲ့တယ်လို့ ဆားလင်းကြီး သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

“နိုဝင်ဘာ(၆)ရက်က ထန်းလေးပင် တိုက်ပွဲတွင် ကျဆုံးခဲ့ပါသော သေမင်းတမန် ပြောက်ကြားအဖွဲ့ (Salingyi) ၏ အာဇာနည်ရဲဘော် တစ်ဦးဖြစ်သော ရဲလင်းအောင်(ခ)ဂျပန်ကြီး (အသက်-၂၁) ၏ အရိုးပြာအိုးအား နိုဝင်ဘာ(၁၄)ရက်က ဇာတိမြေတွင် ဂူသွင်းသဂြိုလ်ခဲ့ပါသည်။ ရဲဘော် ကောင်းရာသုဂတိ လားပါစေ” လို့ သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

မုံရွာမြို့ တောင်ဘက်က ကျေးရွာတွေထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လုယက်၊ လူသတ်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို နိုဝင်ဘာ(၆)ရက် နေ့လည်ပိုင်းက ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ရာ စကစ (၁၇)ယောက် သေပြီး ပြည်သူ့ရဲဘော် ခြောက်ဦး ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က သတင်း ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ(၆)ရက် နေ့လည်က မုံရွာမြို့နယ် ထန်းလေးပင်ရွာထဲက စစ်အုပ်စုကို မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က ဦးဆောင်ပြီး မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)၊ တပ်ခွဲ (၄)၊ 5/Teachers PDF ၊ Springs Dove ၊ ရွှေညီအကို ပြောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကျည်မလုံလောက်တဲ့အတွက် မုံရွာခရိုင် ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က တပ်ခွဲမှူး ရဲဘော် ကိုတင်မိုးဝင်း (၂၅နှစ်)၊ ဒု-တပ်ခွဲမှူး ရဲဘော်ကိုကျော်မျိုးေ၀ (၃၈-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုအေးမင်းသန်း (၁၉-နှစ်)၊ တပ်စုမှူး ရဲဘော် ကိုတိုးအောင် (၂၅-နှစ်)၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)၊ တပ်ခွဲ (၄)၊ 5/Teachers PDF - တပ်စိပ်(၃) သေမင်းတမန် PDF ရဲ့ ဒု-တပ်စိပ်မှူး ရဲဘော်ကိုရဲလင်းအောင် (၂၀-နှစ်)၊ 5/Teachers PDF - တပ်စိပ် (၄) ရွှေညီအကို ပြောက်ကျားတပ်ဖွဲ့ တပ်စိပ်မှူး ရဲဘော် ကိုထွန်းထွန်းဝင်း (၄၀-နှစ်) တို့ ကျဆုံးခဲ့တယ်လို့ CAF က ထုတ်ပြန်ထားပါတယ်။

ထန်းလေးပင်ရွာ တိုက်ပွဲမှာ စကစတွေလည်း အသေအပျောက် ရှိခဲ့ပြီးနောက် စစ်အုပ်စုက ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းထားတဲ့ ထန်းလေးပင်ရွာသား ကိုထွေးဇော်ဦး (ခေါ်) ဥပက (၃၇-နှစ်) (မေးရိုးအောက် သေနတ်ဒဏ်ရာဖြင့်သေဆုံး)၊ ကိုကျော်မျိုးဝင်း (၄၀-နှစ်) (လက်ဖျံသေနတ်ဒဏ်ရာရရှိ၊ ရိုက်သတ်ခံရသဖြင့် သေဆုံး)နှင့် ကိုစိန်လှိုင်(ခေါ်)ဆံနီ (၄၅-နှစ်) (ခေါင်းဖြတ် သတ်ခံရ) တို့ သုံးဦးကို ခေါင်းဖြတ် သတ်ပြီး နေအိမ် (၁၁)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #CAF #ထန်းလေးပင် #ရဲဘော်ဂျပန်ကြီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ