အရုပ်မကို နတ်မှတ်ပါလို့ အရပ်ကလေးကိုမှ အားမနာ
MFP ၊ အောက်တိုဘာ (၂၂)
ဒီနေ့တော့ ကိုရင်ကြက်တောတို့ရွာထဲ ခေတ်စကားနဲ့ဆို ပွဲဆူသွားတယ်။ ကိုရင်ကြက်တောက ရွာရဲ့ နတ်ကတော်ကြီးပေါ့။ ဒီမနက် သူကိုးကွယ်တဲ့နတ်တွေကို ရင်ငွေ့လှုံဖို့ဆိုပြီး ရွာဦးစေတီကို သယ်သွားတာ ကလေးတွေ ခွေးတွေဆိုတာ တစီစီနဲ့ ထိန်းကိုမနိုင်ဘူး။
နတ်ကတော်ကြီးဆိုပေမယ့် အသက်က လက်တောက်လောက်ပဲ ရှိပါသေးတယ်။ လူလည်း လက်တောက်လောက်ပဲပေါ့။ လူရှိန်အောင်တော့ ဆံပင်တွေ မျက်ခုံးမွှေးတွေကို ဆေးဖြူဆိုးထားရတယ်။ ကိုရင်ကြက်တောက ယောက်ျားအစစ်တော့ မဟုတ်ဘူး၊ အဲ မိန်းမအစစ်လည်း မဟုတ်ပြန်ဘူး။ ကျားတစ်ပိုင်း မတစ်ပိုင်းပေါ့လေ။ သူက မြို့ရောက်ဖူးတော့ နည်းနည်းလူရည်လည်တယ်လို့ ပြောရမှာပေါ့။
ရွာမှာ ပစ္စည်းတစ်ခုခုပျောက်ရင် သူ့သွားမေးကြတယ်။ သူပြောတဲ့နေရာ သွားကြည့်၊ ဘာမှမတွေ့ဘူး။ ဟော၊ ကလေးတွေ နေမကောင်းဖြစ်ရင်လည်း သူ့သွားမေးကြတယ်၊ သူပြောတဲ့အတိုင်း နတ်ပွဲပေးလိုက်၊ ကလေးကို မြို့ကဆေးရုံ ပြေးပို့ရရော၊ အဲလောက်ထိ ခြေဆိပ်လက်ဆိပ် နတ်ဆိပ်ရှိတဲ့သူ။ အင်းလေ၊ အရင်က မိတ်ကပ်ပြင်စားရာကနေ ခေတ်ပျက်တော့ စားပေါက် ချောင်မလားဆိုပြီး နတ်ကတော်ဝင်လုပ်တဲ့ နတ်ကချောင်ပဲ။
သူ့မှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်။ မြို့ပေါ်မှာ ကြားဖူးခဲ့တဲ့ sex doll ဆိုတဲ့ လိင်အာသာဖြေတဲ့အရုပ်တွေကို အပိုင်လိုချင်တာပဲ။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဒီအရုပ်တွေကို ငှါးစားတာမျိုးမရှိသေးတော့ လိုချင်ရင် အပိုင်ဝယ်မှ ရမှာလေ။ ဟိုအခန်း ဒီအခန်း သွားဖို့ကလည်း ဟိုရောဂါ ဒီရောဂါကူးမှာ ကြောက်ရတော့ ဒီလိုအရုပ်မလေးတွေနဲ့ဆို တစ်ခါဝယ်သုံး တစ်သက်လုံးပဲဆိုပြီး တွေးမိတယ်။
ဒါနဲ့ ကြံစမ်းဆိုပြီး ကြံလိုက်တာ၊ ရွာကို ကူညီစောင့်ရှောက်ဖို့ မယ်တော်ကြီးတွေ ပင့်ပေးမယ်ဆိုပြီး ဖြစ်လာတာပဲ။ ပင့်မယ့်ပင့်တော့ တစ်ပါးတည်းမပင့်ချင်ဘူး။ မယ်တော် သုံးလေးယောက်လောက်ဆို ပိုကောင်းမယ်။ အရုပ်မစျေး စုံစမ်းတော့လည်း နှစ်ရုပ်ဝယ်ရင် စျေးလျော့ပေးမယ်ဆိုတော့ နှစ်ရုပ်မှာကွာဆိုပြီး အလှူငွေတွေ ကောက်လိုက်တာ၊ ရွာကလည်း ဟုတ်မလားဆိုပြီး ငွေထည့်ကြပါရော။ ဒီလိုနဲ့ ကိုရင်ကြက်တောအစွမ်းနဲ့ ဟိုး စိနပြည်ကြီးဆီကနေ မယ်တော်ကြီးနှစ်ပါး ကြွလာတော်မူရတော့သပေါ့။
အရုပ်မလေးတွေက အချောသားပဲ၊ လူအစစ်သာဆို ပြေးဖက်နမ်းချင်စရာလေးတွေ၊ အင်းလေ၊ လိင်အာသာဖြေပေးမယ့် အရုပ်တွေဆိုတော့လည်း မယ်ကုဝဏ်လိုရုပ်မျိုးဆို ဘယ်သူတွေက ဝယ်မတုန်း။ တစ်ရုပ်က ရွှေရင်အစုံဟာ ထွားလိုက်တာမှ ဟို စာရေးဆရာမတစ်ယောက်လိုလို၊ ဟို ဓမ္မစကူးလ်ဆရာမလိုလို အထင်မှားစရာပဲ။
ရောက်လာတော့လည်း နာမည်ပေးမှ လူရိုသေ ရှင်ရိုသေဖြစ်မယ်ဆိုပြီး အမျိုးသမီးနတ် နာမည်တွေ စဉ်းစားရတယ်။ ရောက်လာတဲ့ နတ်ရုပ်မလေးတွေက ချောပေ့လှပေ့ ကျက်သရေရှိပေ့ဆိုတော့ တော်ရုံနာမည်လည်း မပေးချင်ဘူး။ အမေဂျမ်းတို့ အမေရေယာဉ်တို့ဆိုပြီး ပေးလိုက်ရင် မတော် ထကြမ်းမှ ဟုတ်ပေ့ဖြစ်ဦးမယ်။ နတ်ထဲမှာ ချောတယ်လှတယ်လို့ ထင်ရတဲ့ သူရဿတီနတ်ဆိုပြီး ပေးလိုက်တယ်၊ နောက်တစ်ရုပ်ကိုတော့ မနှဲလေးလို့ ပေးမလို့ စဉ်းစားထားတာ၊ နောက်မှ မနှဲလေးက ကလေးနတ်ဆိုပြီး နောက်ထပ် စိတ်ထဲရှိတဲ့ နာမည်တစ်ခု ကောက်ပေးလိုက်တယ်၊ သီရိဒေဝီ မယ်တော်ကြီးတဲ့။ အင်းပေါ့၊ အရုပ်ကလေးက ကျက်သရေရှိတာလေးပဲဆိုတော့ လိုက်ဖက်တဲ့ နာမည်ပေါ့။ အင်း တကယ့်လူအစစ်တွေသာ ဖြစ်လိုက်ပါတော့လားလို့ တွေးမိသေးတယ်။
ဒီလိုနဲ့ ရွာဦးစေတီမှာ ရင်ငွေ့လှုံဖို့ ရောက်တော့ တစ်ရွာလုံးကို လာအားပေးကြတာ၊ အဘိုးလေး ဖိုးကွန့်ဆို ဆုံးသွားတဲ့ သူမြေးလေးတွေနဲ့ ချွတ်စွတ်တူတာမို့ သူ့အိမ်မှာ ကိုးကွယ်ချင်လို့ ပေးလိုက်ပါဆိုပြီး တောင်းနေသေးတယ်။ ဟင်း မြွေမြွေချင်း ခြေမြင်တယ်နော် အဘိုးလေး၊ ဒါမျိုးက နတ်နန်းနဲ့ထားမှ ရတာဆိုပြီး မနည်းပြောဆိုလိုက်မှ အဘိုးလေးက လက်လျော့သွားတယ်။ ဒါတောင် မင်းဆီက နတ်နန်းမှာ ငါလာအိပ်မယ်ကွာလို့ ထပ်ပြောနေသေး။
အရုပ်မလေးတွေက ဆီလီကွန်နဲ့လုပ်ထားတာဆိုတော့ လူ့အသားအရေနဲ့ တစ်ပုံစံတည်း၊ ခြေတွေ လက်တွေ ချိုးလို့လည်းရတယ်၊ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ထားလို့လည်း ရတယ်။ ထိုင်ခိုင်းမလား၊ ရပ်ခိုင်းမလား၊ ကုန်းခိုင်းမလား ကြိုက်တာခိုင်း၊ ဟိုအခန်းဟာ အစစ်မတွေလို မငြူစူတတ်ဖူးရယ်။ ဒီတော့ သူတို့ကို ချိတ်အဆင်တွေနဲ့ ဝတ်ပေးလိုက်တာ တကယ့်လူအစစ်လိုပဲ၊ စကားမပြောတတ်တာ တစ်ခုပဲကွာတယ်။ သူတို့ကို အဝတ်အစားဝတ်ပေး၊ လက်အုပ်ချီကန်တော့တဲ့ပုံစံတွေလုပ်ပေးရင်း ဟိုထိ ဒီကိုင် လုပ်ပေးရတော့ ကိုရင်ကြက်တောရင်ထဲ တကယ်ကို ဖိုးသိုးဖတ်သပ်ကြီး ဖြစ်လာတာရယ်၊ မနည်း ထိန်းထားရတယ်။
လူစုလူဝေးကလည်း တဖြေးဖြေးများလာတယ်။ ရွာကလက်ခံအောင် ဘုရားပြ၊ နတ်ပြလုပ်ပြီး အယုံသွင်းနေရတာ မြန်မြန်လက်စသပ်ပြီး အိမ်ကို မြန်မြန်သယ်သွားချင်နေပြီ။ အိမ်ရောက်မှ စိတ်ကြိုက် ဟိုကလိ ဒီကလိ ဟိဟိ။ ဆရာ အကြည်တော်စကားအတိုင်းဆို စိတ်ကူးယဉ်ပြီး ထိပ်ဖူးကျဉ်နေပြီ။ စိတ်ကူးထဲမှာတော့ ထိပ်ဖူးကွဲနေပြီ။
“ ကဲကဲ၊ အားလုံးလိုက်ဆိုကြပါခင်ဗျာ။ ကျွန်တော်တို့ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းပါမယ်။ ပြီးရင် အားလုံးက အောင်ပြီ အောင်ပြီလို့ အော်ပြီး လက်သီးလက်မောင်း တန်းပေးကြပါ၊ ကဲ အားလုံး ဆိုလိုက်ကြရအောင် “ “ ဝုန်း၊ ဖောင်း၊ ဒိုင်း “ “ ဟာ ဗုံးကွဲပြီဟေ့၊ ပြေးကြ ပြေးကြ “ လူတွေဆိုတာ ဝါးရုန်းသုန်းကားနဲ့ ပြေးကြလွှားကြတာ၊ မယ်တော်ကြီးတွေဆိုတာလည်း ဟိုလူကနင်း ဒီလူကနင်းနဲ့ ဆံပင်တွေကျွတ်၊ အင်္ကျီတွေကျွတ်နဲ့ တစစီ ကျိုးပဲ့ကုန်တာ အေးချမ်းမေသီချင်းအတိုင်းပဲ။
ဒီတော့မှ ကိုရင်ကြက်တောလည်း မျက်ရည်တွေကျပြီး အိပ်မက်ကလန့်နိုးလာခဲ့တယ်။ အော် အိပ်မက် မက်နေတာပဲဆိုပြီး အခြေအနေတွေ ပြန်သုံးသပ်လိုက်တော့ အိပ်မက်ထဲမှာတောင် စိတ်ကူးယဉ်ပြီး ထိပ်ဖူးကျဉ်ခဲ့ရတဲ့ဘဝ၊ စိတ်ညစ်ညစ်နဲ့ ဖုန်းပွတ်ပြီး ဖေ့စဘွတ်ကို ကြည့်မိတော့ ဒေါ်လာစျေးတွေက ရွာဦးစေတီရဲ့ စိန်ဖူးတော်ကိုတောင် ကျော်တော့မယ်၊ တက်လိုက်တာဆိုတာ။
မြန်မာနိုင်ငံက အဆင့်သုံးဆိုပဲ၊ ကောင်းတဲ့နေရာမှာတော့ မဟုတ်ဘူး၊ ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် မနေ့ညက ကြေညာခံလိုက်ရတာ ကမ္ဘာမှာ တတိယမြောက်နိုင်ငံဆိုပဲ။ ဒီတော့ ညတွင်းချင်းပဲ ဒေါ်လာတန်ဖိုးတွေဟာ တရှိန်ထိုး တက်လာလို့ မြန်မာကျပ်ငွေဟာ စက္ကူစုတ်အဆင့်တောင် မဟုတ်တော့ဘဲ သစ်ရွက်ခြောက်သာသာ ဖြစ်သွားတာ၊ အင်း၊ ဒီလိုပုံအတိုင်းဆို လက်ထဲက ပိုက်ဆံနဲ့က အရုပ်မ နှစ်ရုပ်မပြောနဲ့ တစ်ရုပ်တောင် မဝယ်နိုင်တော့ဘူး။ တစ်ခန်းရပ် sex doll အိပ်မက် ဖြစ်သွားပြီ။ ကိုရင်ကြက်တော တစ်ခွန်းပဲ အော်ပြောနိုင်တော့တယ်။
“ ငါရိုးမ မင်းအောင်လှိုင် “
ကိုရင်ကြက်တော ရေးသည်။ ၂၂ အောင်တိုဘာ ၂၀၂၂
#MFP #MandalayFreePress #စစ်ကိုင်း #မန္တလေး #သရော်စာ